ခေါင်ခေါင်

ပင်လယ်အညှို့ခံ ရတဲ့ညနေ...

Published by ခေါင်ခေါင် under on Saturday, November 01, 2008
နာရီပေါင်းဘယ်လောက်ကြာမှန်း မသိအောင် ကျွန်မ ဒီနေရာမှာ မတ်တပ်ရပ်နေခဲ့တယ်။ လေတွေက အရပ်ရှစ်မျက်နှာကနေ တစ်ရပ်စပ် တိုက်နေခဲ့လို့ ကျွန်မဆံပင်တွေ ကပုံပျက်ပန်းပျက် ဖွာလန်ကျဲနေပြီ။ ဒီနေရာမှာ မိန်းမတစ်ယောက် ကြာမြင့်စွာ ငြိမ်သက်တိတ်ဆိတ်ငေးမော နေခြင်းက ဘယ်သူ့အတွက်မှ အံသြစရာ တော့မကောင်းပါ။ ကျွန်မရှေ့က ပင်လယ်ရဲ့ အနားသတ်လေး မှာ ၀င်လုဆဲဆဲနေရောင်ရဲ့ အ၀ါရောင် တွေဖြာထွက်နေတယ်။ အ၀ါရောင်တွေရဲ့ ညှို့တတ်တဲ့ အလင်းတွေနဲ့ နောက်ခံ ကောင်းကင် ရဲ့ နက်ရှိုင်းသော အပြာရောင်တို့ တစ်ခုနှင့်တစ်ခု ပြင်းအားချင်း ဆန့်ကျင်နေကြတယ်။

ဒီနေရာမှာ မျက်စိတစ်ဆုံး နက်ရှိုင်းကျယ်ပြန့်ကြီးမားတဲ့ ကြောက်စရာ ပင်လယ်ပြင်ကြီးကို မျက်တောင်မခတ်ငေးမောနေနိုင်တယ်။ အဲဒီမျက်လုံးတွေမှာ မျက်ရည်တွေ အိုင်ထွန်းလိမ့်ဆင်း ကျနေရင်တောင် ဘယ်သူမှ ဂရုမစိုက်မိနိုင်ဘူး။ ဒီနေရာက ရှိရှိသမျှ သူတွေအားလုံး ကိုယ့်သီးသန့်ကမ္ဘာထဲမှာ ကိုယ့်စိတ်ကြိုက် နေထိုင်နိုင်ကြတယ်။ ကျွန်မကိုယ်တိုင်လဲ လွမ်းဆွတ်အားငယ်ခြင်း ဆိုတဲ့ သီးသန့်ကမ္ဘာထဲမှာ ဖြတ်တောက်နှောက်ယှက်မယ့်သူမရှိ အကြာကြီး လွတ်လပ်စွာ လွင့်မျောနေခဲ့ပြီးပြီ။

ကျွန်မရဲ့ရှေ့တည့်တည့် ပင်လယ်ပြင်ကြီးရဲ့ ဟိုးအဝေးမိုင်ပေါင်ထောင်ချီတဲ့ နေရာလေး တစ်ခုမှာကျွန်မရဲ့အိမ်ကျန်ခဲ့တယ်။ ကျွန်မကိုနွေးထွေးစွာ ချစ်ခင်ကြင်နာယုယ တတ်တဲ့ မောင်နှမတွေကျန်ခဲ့တယ်။ ကျွန်မမျက်နှာကို အရိပ်တစ်ကြည့်ကြည့် အကဲခတ်ပြီး လိုအပ်သမျှ စိတ်ဓါတ်ခွန်အားတွေ ပေးတတ်တဲ့ ကျွန်မရဲ့ အမေကျန်ခဲ့တယ်။ ကျွန်မကို ကူညီစာနာ နားလည်ပေးပြီး ကျွန်မဘက်က ရပ်တည်ပေးတတ်တဲ့ သူငယ်ချင်းတွေ ကျန်ခဲ့တယ်။ အခု ကျွန်မအနားမှာတော့ ကြောက်စရာ ကောင်းတဲ့ပင်လယ်ပြင်ကြီးနဲ့ သူစိမ်းဆန်တဲ့လူတွေ..... ။

ကျွန်မအိမ်ပြန်ချင်ပြီ။ ကျွန်မလာခဲ့တဲ့ နေရာတစ်ခုကိုအပြီးပြန်သွားချင်ပြီ။ ဒီပင်လယ်ဆီကိုရောက်တိုင်း ကျွန်မအိမ်ပြန်ချင်တယ်။

ပင်လယ်ဟာ အိမ်ပြန်ချင်တဲ့ ကျွန်မကို အစွမ်းကုန် ညှို့ယူနေတယ်။



17 comments:

လင်းဒီပ said... @ November 1, 2008 3:19 AM

ဒီလိုပါပဲ ညီမရေ..အခု အချိန်မှာတော့ အိမ်(Home)ရှိတယ်ဆိုတဲ့ အားနဲ့ပဲ
ကိုယ့်ကိုယ်ကို ခုတ်မောင်းနေကြရတာ...
အိမ်နဲ့ဝေးလေ..အိမ်ရဲ့နွေးထွေးမှုကို ပိုသိလေပဲ..

pethein said... @ November 1, 2008 4:43 AM

ခေါင်ခေါင်ရေ-
စိတ်ကူးအတွေးပဲဖြစ်ဖြစ်၊ တကယ့်ခံစားချက်ရင်းတွင်းဖြစ်ပဲဖြစ်ဖြစ်- နင့်နင့်နဲနဲခံစားမိပါတယ်-
ကျနော်တို့မြန်မာမလေးတွေအတွက် ယဉ်ကျေးသိမ်မွေ့တဲ့ဓလေ့ထုံစံအောက်က အမိ၊ အဖ မိသားစုဆိုတဲ့အိမ်ဟာ အလုံခြုံဆုံပါ။
နွေးထွေးမှုတွေအမြန်ဆုံးရပါစေ။
ဘာပဲဖြစ်ဖြစ်အားတင်းထားပါညီမလေးရေ။
(ဖေသိန်း)

puluque said... @ November 1, 2008 5:34 AM

ပင်လယ်ကို မြင်တော့ အိမ်ကို လွမ်းတယ်ပေါ့
ကျတော်ကတော့ အိမ်ကို နေ့တိုင်းလွမ်းတယ်ဗျာ....

အောင်သာငယ် said... @ November 1, 2008 6:03 AM

တနေ့နေ့ပေါ့ ညီမရေ.

လောလောဆယ် အိမ်မပြန်နိုင်သေးခင်မှာ ပင်လယ်အနား ခဏခဏ မသွားနဲ့ပေါ့ ဟုတ်ပြီလား...

သဉ္ဇာ said... @ November 1, 2008 6:47 AM

သူငယ်ချင်းရေ.....
ကြိုးစားထား နော်..........
တို့တွေ တစ်နေ့နေ့ အိမ်ပြန်ကြမှာပေါ့...........။

mgngal said... @ November 1, 2008 10:11 AM

ဟား အရေးအသားရော အကြာင်းအရာရော ကောင်းတယ်ဗျ ။ ဆန္ဒတွေ ပြည့်
ဝပါစေဗျာ။ အစဉ် အားပေးလျက် ။ :)

မိုးသောက် said... @ November 1, 2008 3:23 PM

အစ်ကိုတို့လည်း အတူတူပါပဲ ခေါင်ခေါင်ရေ ...
အားတင်းထားပေါ့ ..
တစ်နေ့နေ့ကျရင် အဲ့ဒီအိမ်လေးကို ပြန်ရမှာပါ ..
စိတ်ကူးတွေ အမြန်ဆုံးပြည့်ဝပါစေလို့ ဆုတောင်းပေးပါတယ်

Heartmuseum said... @ November 1, 2008 7:15 PM

အိမ်ကိုလွမ်းစိတ်နဲ့
ပင်လယ်ထဲတော့ ဆင်းမသွားပါနဲ့
မင်းသမီးရယ်.......
ပြောသာပြောရတယ်
အိမ်လွမ်းစိတ်က အတော်ခံရခက်တယ်ဗျ။

ကိုဂစ်တာ said... @ November 1, 2008 8:12 PM

ဒီပင်လယ်ကြီးရဲ့ ဟိုးတစ်ဖက်ကမ်း...
ငါလှမ်းရင်းမှန်းမျှော်ဆဲ...
ဒီရင်ကိုချည်သော ကြိုးတင်းခဲ့ ငါအိပ်ပြန်ရန်မဖြစ်နိုင်သူ

chaos said... @ November 1, 2008 8:39 PM

ခေါင်ခေါင်ရေ
ညီမလေး ပြန်ချင်တဲ့ ပင်လယ် တစ်ဘက်ကမ်းဆီက အိမ်လေးကို အမြန်ဆုံး ရောက်အောင် သွားနိုင်ပါစေ။

နှင်းပွင့်ဖြူလေး said... @ November 1, 2008 9:33 PM

အိမ်ပြန်ချင်စိတ်တွေ တားမရတဲ့အချိန်တွေမှာ
တော်တော်ခံစားရခက်တယ်နော်။

ဝေလေး said... @ November 2, 2008 6:45 PM

မမရေ
အားတင်းထားပါ.....
တနေ့တော့....

တောင်ပေါ်သား said... @ November 3, 2008 11:10 PM

ခေါင်ရေ စိတ်ဒဏ် မကျပါနဲ့ဗျ တနေ့နေ့ပေါ့ ကျနော်တို့ အားလုံး ပြန်ကြရမှာပါ

ဇင်ယော် said... @ November 4, 2008 8:50 AM

ပင်လယ်ဆိုတာ ညှို.ယူဖမ်းစားနီုင်တဲ့ သတ္တိရှိတယ်တဲ့။ အိမ်အလွမ်းကို ပင်လယ်နမ်းတော့ အင်း အဲဒါမှ ဒုက္ခပဲ။ လောလောဆယ်တော့ ပင်လယ်နား ခဏခဏ မသွားနဲ့ ပေါ့ဗျာ။ အချိန်တန်ရင် အိမ်ပြန်ရတာပ။ ပြောမယ့်သာပြောတာ အဲဒီပင်လယ်ကို ခဏလောက်ဖြစ်ဖြစ်တော့ တငေးတမော သွားမြောနေချင်သေးတယ်။ ( မှတ်ချက် မမြင်မစမ်းဖြင့် ပြူးပြဲဖတ်ကာ မန့် သွားပါ၏ )

tharrhtoo said... @ November 5, 2008 9:16 AM

ညီမလေးရေ.........
ရော့်စတီးဝတ်ဆိုပြီး ဇော်ဝင်းထွဋ်ပြန်ဆိုထားတဲ့ သီချင်းလိုပဲဟာ..
I am sailing လား ဘာလားတော့မသိတော့ဘူး ဗမာလိုတော့
ရွှက်လွှင့်ခြင်းတဲ့ အဲလိုမျိုး ပြန်လာခဲ့ပေါ့ဟာ
ညလေးကိုစောင့်နေတဲ့ သူတွေရှိနေမှာပါ..

အိမ် said... @ November 10, 2008 1:35 PM

ကောင်းလိုက်တဲ့ အရေးအသားလေးတွေဗျာ။ဖတ်ရတာ အရမ်းမိုက်တယ်

maymoe said... @ November 13, 2008 4:35 PM

အိမ်ကိုတော့ လူတိုင်းပြန်ချင်ကြတာပဲ တို့လိုလူတွေလဲအများကြီးပါဘဲလား စိတ်ဓါတ်ကို အားတင်းထားခေါင်ရေ တစ်နေ့နေ့တော့ တို့အိမ်ကို ပြန်ရမှာပေါ့
မေမိုးမခ

Post a Comment

 

Blog Archive

Lipsum

Followers