ခေါင်ခေါင်

ရေရောထားတဲ့ ညနေခင်း

Published by ခေါင်ခေါင် under on Wednesday, September 17, 2008
ညနေခင်းဟာ...
ဒဏ်ရာရထားတဲ့ သတ္တ၀ါတစ်ကောင်လိုပဲ
ငြိမ်သက်စွာလဲလျောင်းနေရင်း.
ညည်းတွားနေလေရဲ့..
လေပြေရူးတွေက
ချွန်မြထက်မြက်တဲ့ လက်သဲတွေနဲ့
ဆည်းဆာရဲ့ နံရံ ကို
တစ်ဂျစ်ဂျစ်ကုတ်ဖဲ့နေတော့တယ်.....

ညနေခင်းလိုပဲ
မျှော်လင့်ချက်က
တစ်စ တစ်စ အိုမင်းသွားတယ်
မှောင်ရီ ဝေဖြိုးလာတဲ့
ညရိုင်းလွင်ပြင် အစပျိုးကာစမှာပဲ
ညနေခင်းဆိုတာဟာ...
တစ်ကယ်ရှိမှန်းမရှိမှန်း
မသိစိတ်နဲ့သိသိလာရတယ်...

တစ်နေကုန် အငွေ့ပျံနေတဲ့
မြေရဲ့ချွေးးတွေ အငွေ့သေကာစ
ညနေခင်းဟာ တစ်ဖန်စိုထိုင်းစ ပြုလာပြန်တယ်

ခံစားလွန် အရောင်ရင့် လိပ်ပြာရဲ့
အသိစိတ်တွေ ဖွေးကနဲ ဖွေးကနဲ ပျံလွင့်ကြွေဝဲ
အိပ်တန်းပြန် ငှက်အုပ်ထဲက
မြင်နေကျ ငှက်ကလေး....
အဝေးအမြင့်ဆီ.. ရုတ်ခနဲ ပျံထွက်ပြေး...

ဆုတောင်းခြင်းဆိုတာ..
မပြည့်စုံသူများနဲ့ အတ္တလွန်ကဲသူတစ်ချို့ ရဲ့
အားထားရာလက်နက်တဲ့ ....
ငါမျက်နှာ လွှဲထားခဲ့ပါတယ်...

ညနေခင်းက ငါ့ကိုပြောတယ်
(စောင့်ဆိုင်းနေခြင်းသာ သင့်ရဲ့တာဝန်ဖြစ်တယ်) တဲ့
မကြာမီ.. နေ၀င်တော့မည်
ညနေခင်းကြယ် တစ်ပွင့်တစ်လေများ ကြွေကျလာမလား
အသေအချာ မပြောတတ်ခင်
တစ်စုံတစ်ခု ကိုမျှော်လင့်မိတာ အသေအချာပဲ...
ဒါပေမယ့်.....
အခုအချန်ထိ.
( အရာရာငြိမ်ချက်သားကောင်းနေဆဲ...)

နေသည်...
ညိုရင့်သွားပြီး...
အလင်းသည်လည်း ပြိုကွဲလာပြီ
အမှောင်နဲ့ အလင်းပေါင်းစပ်ခွင့်ပေးပါ.....

နေ့နှင့်ညသည် ထိစပ်လုပြီ...
ကောင်းကင်နှင့်မြေကြီး..တစ်သားတည်းပေါင်းစည်းမိသည့်နောက်..

ကမ္ဘာသည်..
နာရီ. မိနစ် စက္ကန့်မခြားတစ်ဖြေးဖြေးပြောင်းလဲလျက်
ညနေခင်းသည်လည်း
အေးမြလာရမည့်အစား..
တစ်စ တစ်စ ပူပြင်းလောင်မြိုက်လာသောကြောင့်..
ရေရောထားခဲ့ရပါသည်။







5 comments:

Anonymous said... @ September 17, 2008 at 2:20 PM

ကောင်းလိုက်တဲ့ ကဗျာလေး

အမှောင်နဲ့ အလင်းပေါင်းစပ်ခွင့်ပေးပါ.....

နေ့နှင့်ညသည် ထိစပ်လုပြီ...
ကောင်းကင်နှင့်မြေကြီး..တစ်သားတည်းပေါင်းစည်းမိသည့်နောက်..

ဒီစာသားလေးတော့ အတော်ခိုက်တယ် ..

အားပေးနေပါတယ်

thinzar said... @ September 17, 2008 at 8:25 PM

ညနေခင်းက ငါ့ကိုပြောတယ်
စောင့်စားခြင်းသာ သင့်ရဲ့တာဝန်ဖြစ်တယ် တဲ့
.................................
ခေါင်ခေါင် ရေ အဲဒီညနေခင်းကလေ
ငါ့ကိုလည်း အဲလို ပြောသွားတယ်ဟ :P
ကောင်းတယ်သူငယ်ချင်း .....
ကဗျာတွေ ဆက်ရေး....

Unknown said... @ September 18, 2008 at 2:55 AM

ခေါင်ရေ
မေမိုးတို့က ညနေခင်းကို ရောက်မှာအကြောက်ဆုံးပါဘဲ။
ညနေခင်းက ငါ့ကိုပြောတယ်
(စောင့်ဆိုင်းနေခြင်းသာ သင့်ရဲ့တာဝန်ဖြစ်တယ်) တဲ့
မကြာမီ.. နေ၀င်တော့မည်
ညနေခင်းကြယ် တစ်ပွင့်တစ်လေများ ကြွေကျလာမလား
အသေအချာ မပြောတတ်ခင်
တစ်စုံတစ်ခု ကိုမျှော်လင့်မိတာ အသေအချာပဲ...
ဒါပေမယ့်.....
အခုအချန်ထိ.
( အရာရာငြိမ်ချက်သားကောင်းနေဆဲ...)
သိပ်မှန်တာပေါ့ ခေါင်ရေ။

ဝေလေး said... @ September 18, 2008 at 3:09 AM

ဆုတောင်းခြင်းဆိုတာ..
မပြည့်စုံသူများနဲ့ အတ္တလွန်ကဲသူတစ်ချို့ ရဲ့
အားထားရာလက်နက်တဲ့ ....
ငါမျက်နှာ လွှဲထားခဲ့ပါတယ်...

ဝိုးးး တယ်ဂွတ်.... ခေါင်ခေါင်ရေ.. စာသားတွေလန်းတယ်.. :)

pethein said... @ September 18, 2008 at 10:25 AM

ခေါင်ခေါင်ရေ--
ကဗျာလေးကိုထပ်ခါ၊ ထပ်ခါ ဖတ်မိပါရဲ့--
ကဗျာအတွေးကောင်းတယ်၊
အသုံးအနှုန်းတွေထိမိတယ်၊
စာဖတ်သူတွေအတွက်တန်အောင်ရေးပေးနိုင်တဲ့ ကလောင်စွမ်းလေး ထက်လှပါတယ်-
အသစ်တင်ရင်ကလိုင်ခေါက်ဦးနော်
ခေါင်ခေါင်လိုပဲ ဆုမတောင်းခဲ့ပါဘူး
ဒါပေမယ့်ဆန္ဒပြုလိုက်ပါတယ် အရာရာအဆင်ပြေပါစေ--

Post a Comment

 

Lipsum

Followers