ဆက်သွယ်ချက်များ
Published by ခေါင်ခေါင် under အက်ဆေး on Tuesday, September 30, 2008
ပင်လယ်လိုဟန်ဆောင်ထားတဲ့ မိုးတိမ်တွေ...။
တစ်ဝုန်းဝုန်းရိုက်ခတ် ပဲ့တင်ဝေစည်.. (အသံတော့ မမြည်ဘူးပေါ့)။
မကြာမီရွာချမည်ဆိုတာတော့ သိနေခဲ့....။
မစို့မပို့ အလှပြင်ထားတဲ့ အလင်းနှစ်ကောင်းကင် ချင်ခြင်းတပ် အိမ်မက်တွေနဲ့လွမ်း.....။
လွမ်းချင်ဦး.....လွမ်းချင်ဦး......။ ရေရွတ်သံမူးမူး... ။အမှောင်လမ်းကို ရွေးလျှောက်ချင်ခဲ့ရဲ့..။
အခါလည်သားလမင်းလဲ ကြယ်တွေကိုလဲ အဖေါ်အဖြစ် ခေါ်မအိပ်တတ်ခဲ့..။
သူချည်းသက်သက် အထီးကျန်ပြီးနေတဲ့ ည။ သူချထားတဲ့ အမှောင်ထဲမှာပဲ ဘာသာပြန်ပျောက်နေပြန်ရော..။
တစ်ရှပ်ရှပ် သစ်ရွက်ကြွေသံ...။ အဝေးက နာရီသံချောင်းခေါက်သံ... ။ခပ်ဝေးဝေးက ခွေးဟောင်သံ..။
သန်းခေါင်ယံ ရထားက ဥသြ သံရှည်ဆွဲ...။ရောက်ချင်သေးတယ်..။ မျှော်လင့်ချင်သေးတယ်.. ။
အလင်းရှိမဲ့ မနက်ဖန်...။
အလင်းရှိမဲ့ အာရုဏ်ဟာ ဘူတာစဉ်တစ်ခုလို ရပ်စောင့်နေ...။ မ၀ံ့မရဲ စိတ်ရဲ့ ထောင့်စွန်းခပ်ကျကျ...။
ဝေ့၀ဲမှုန်ရီ..။ မျှော်လင့်ရာလမ်းကလေး .. မရောက်ခင်... မရောက်ခင်....။
လက်မပြနဲ့ဦး..။ နှုတ်မဆက်နဲ့ဦး....။
ငါတို့ဆီက ကြယ်ရောင်လ၀န်း အလင်းတန်းတွေ သိမ်းနှုတ်မခံနဲ့ဦး..။
မရောက်တတ်သေးတဲ့ ဥယျာဉ်စိမ်းထဲက လေသေတွေ ၀ဲလည်ပြိုဆင်း ကျမလာစေနဲ့ဦး........။
ရင်လွင့်တောင်ပံတွေ မကျိုးပဲ့စေနဲ့ဦး...။
အမှန်တရားကို မျိုချပြီး အငိုက်မိ မခံနဲ့ဦး...။
သဘာဝမကျတဲ့ ဖြစ်ရိုးဖြစ်စဉ်တွေကို ခေါက်ရိုးချိုးထားလိုက်ဦး...။
တစ်စုံတစ်ရာ မြတ်နိုးချင်းကို သိုဝှက်.. အဲဒိ သိုဝှက်ခြင်းကိုပဲ မြတ်နိုးနေလိုက်ဦး...။
ပြီးရင် ဘယ်ဘက် ရင်အုံအစွန်းမှာ.. အနီရဲရဲ နှင်းဆီတစ်ပွင့်ကို ထိုးစိုက်..။
နောက်ထပ် မေ့ချင်ယောင်ဆောင်လို့မရတဲ့ သတိတရတွေနဲ့ အကျီခပ်ပါးပါးလေး တစ်ထည်ကို အတ္တကြီးကြီးနဲ့ ငါတို့သီချုပ်ကြစို့...(ဒဏ်ရာတစ်ချို့ပါကောင်းပါမယ်...)။ လွမ်းချင်ဦး..... ။ ချင်ခြင်းတပ် အိမ်မက်တွေနဲ့လွမ်း..
အလင်းနှစ်ကောင်းကင် အလှပြင်ထားဆဲ..။
မကြာမီ ရွာတော့မည်ဆိုတာတော့သိနေခဲ့တယ်..(အသံတော့ မမြည်ခဲ့.)..။ ဖြေးညင်းရိုက်ခတ်ပဲ့တင်ဝေစည်..။ ပင်လယ်လို ငြိမ်ချက်သားကောင်းနေတဲ့ မိုးတိမ်တွေ...။