ခေါင်ခေါင်

ကျွန်မရဲ့ပထမဆုံးများ

Published by ခေါင်ခေါင် under on Tuesday, September 23, 2008
ကိုအောင်ရေးလို့ ပထမဆုံး တွေအကြောင်း စိတ်ဝင်းစားစွာဖတ်ခဲ့ရပါတယ်. ကျွန်မလဲရေးချင်တယ်. ကျွန်မအတွက်လဲ အမှတ်တရ ဖြစ်တာပေါ့နော်. ဒါပေမယ့် ကျွန်မရဲ့ တစ်ချို့ပထမဆုံးတွေက သေချာမမှတ်မိတော့ဘူး. ရေးချင်လွန်းလို့ ကျွန်မ တစ်နေကုန် ထိုင်စဉ်းစားပြီး.. ရေးခဲ့ပါတယ်.

ပထမဆုံးတက်ခဲ့သည့်ကျောင်း-အ.မ.က(၄) ဗိုလ်တစ်ထောင်

ပထမဆုံးအတန်းပိုင်ဆရာမ-ဒေါ်စီစီလျှာသိန်း

ပထမဆုံးသော သူငယ်ချင်း(ယောင်္ကျားလေး)- တာယာ.. ပိန်ပိန်သေးသေးကောင်လေး.. အရမ်းစိတ်ကြီးတယ်.. သူ့ကွန်ပါဘူးနဲ့ ပိတ်ပေါက်လိုက်လို့ ရသွားတဲ့ ဒဏ်ရာရဲ့ အမာရွတ် ခုထိ နဖူးမှာ ရှိတယ်.

ပထမဆုံးသော သူငယ်ချင်း(မိန်းကလေး)- ဖြူစင်မြတ် .. သူငယ်တန်းကနေ (၄) တန်းထိတူတူပဲ .သူငယ်တန်းမှာ နငယ် ကိုလှလှလေး ရေးတတ်အောင် သင်ပေးခဲ့တဲ့သူငယ်ချင်းပါ.

ပထမဆုံးပျော်ပျော်ရွှင်ရွှင်ဖတ်မိသည့်ကျောင်းစာအုပ်-သူငယ်တန်းဖတ်စာအုပ်ပါပဲ

ပထမဆုံးဖတ်မိတဲ့ဝထ္ထုစာအုပ်- သူငယ်ချင်းလိုပဲဆက်၍ခေါ်မည်ခိုင်(တက္ကသိုလ် ဘုန်းနိုင်)

ပထမဆုံးရဖူးတဲ့ဆု-ပထမဆု(လွပ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ.. ကျောင်းအဆင့်) (တတိယတန်း)

ပထမဆုံးရဖူးသောလက်ဆောင်-ဒုတိယတန်းတက်ခါနီး အဖေပို့ပေးသော လက်ဆောင်များ...

ပထမဆုံးရောက်ဖူးသောအခြားမြို့-ဟင်္သာတမြို့(အမေ့ဇာတိမြို့ပါ..သူငယ်တန်းနှစ်တစ်ဝက်မှာပဲ ဟင်္သာတမြို့ကိုအဘွားနဲ့ပါလာခဲ့ပြီး အဲဒိမှာပဲ ၈တန်းနှစ်ထိနေခဲ့ပါတယ်)

ပထမဆုံးအကြိမ်ဘောလုံပွဲကြည့်ခြင်း-မြန်မာ-ထိုင်း (ယူ၂၀)တစ်ကယ့်ဘောလုံးကွင်းမှာသွားကြည့်တာကို ပြောတာပါ.တစ်ခါမှကွင်းထဲမှာမကြည့်ဖူးပါဘူး.ကျောင်းကနေစီနီယာတွေက ကားပါစီစဉ်ပေးလို့ ပါသွားတာပါ.အော်လိုက်ဟစ်လိုက်ရတာ. ကမ္ဘာမကျေ ကို အခါတစ်ရာ မကဆိုရတာ အသံက ပထမပိုင်းမပြီးသေးဘူးမထွက်တော့ပါဘူးပွဲချိန်ပြည့်မတ်တပ်ရပ်ပြီးအားပေးခဲ့ကြတယ် ..တစ်ကယ့်အမှတ်တရပါပဲ

ပထမဆုံးရောက်ခဲ့ဖူးသောနိုင်ငံခြား-ထိုင်းနိုင်ငံ( ရနောင်းကို အမေနဲ့ ကန့်လန့်ကန့်လန့် ပါသွားတာပါ. ၆တန်းနှစ်တုန်းက)

ပထမဆုံးသောက်ဖူးသောဆေးလိပ်-တံဆိပ်မပါတဲ့၀၀တုတ်တုတ်ဆေးလိပ်ကြီးတစ်လိပ်ပါ.အဘွားကို ဆေးလိပ်မီးညှိပေးရင်းနဲ့ သောက်ကြည့်မိတာ.

ပထမဆုံးထိုင်ဖူးသောလက်ဘက်ရည်ဆိုင်- ချယ်ရီ.. ဟင်္သာတကပါပဲ အဘိုးနဲ့ မနက်တိုင်းသွားထိုင်နေကြ..

ပထမဆုံးသောက်ခဲ့သည့်အရက်- Skoll ဘီယာပါ.. တောင်ကြီးမှာ အေးလွန်းလို့ အစ်ကိုတွေ သောက်ခိုင်းလို့် သောက်ခဲ့တာပါ.. ၉တန်း ပဲရှိသေးတယ်. တစ်ကိုယ်လုံး နီရဲပြီး.အင်ပြင်လို အဖုတွေထွက်လာတယ်.. အလာ့ဂျစ်ပေါ့..အယ်လကိုဟော နဲ့လုံးဝမတည့်. အဲဒိတည်းက ဘယ်တော့မှ ထပ်မသောက်တော့ဘူး

ပထမဆုံးဝင်ငွေရှာသောအလုပ်-ဒီရောက်မှ လုပ်တဲ့ အချိန်ပိုင်းအလုပ်ပါ.. ရှပ်အကျီတွေ .ဘောင်းဘီတွေ ရောင်းတဲ့ အရောင်းစာရေးပါ..

ပထမဆုံးဆိုခဲ့သော သီချင်း-အလင်းရောင်(လေးဖြူ) ၈တန်းနှစ်..ခရစ္စမတ် ပွဲမှာ စင်ပေါ်မှာ ဆိုခဲ့တာပါ.. ယုံချင်ယုံ မယုံချင်နေ ကျွန်မ အသံအရမ်းကောင်းတယ်..

ပထမဆုံးရင်ခုန်မှု- အထက်တန်းကျောင်းသူ ဘ၀ .. ကျောင်းအဆင်း မိုးတွေကရုတ်တရက်ရွာချလိုက်တော့ ထီးမပါလာတဲ့ ကျွန်မလက်ထဲ သူ့ထီး အတင်းထိုးပေးခဲ့ပြီ မိုးရေတွေထဲ ထွက်ပြေးသွားတဲ့ အသားဖြူဖြူကောင်လေးတစ်ယောက်..

ပထမဆုံးရည်းစားထားခြင်း- Second semester တက်တုန်းကပါ( အချစ်ဆိုတာကို မြတ်နိုးစွာတန်ဖိုးဘိုး ထားခဲ့ပါတယ်..ရူးမိုက်စွာ ကိုးကွယ်ခဲ့ပါတယ်.. ကျွန်မအရမ်းငယ်သေးလို့ဖြစ်မယ် )

ပထမဆုံးရေးခဲ့သောကဗျာ-လမင်းနှင့်ညှိနှိုင်းခြင်း.. ဆိုတဲ့ကဗျာပါ... ကျွန်မဘလော့မှာလဲတင်ထားပါတယ် မဖတ်ရသေးရင် ဖတ်သွားပါဦးနော်..

ပထမဆုံးဘလော့ပိုစ့်-တေမိမိုး ဆိုတဲ့ ကဗျာပိုစ့်လေးနဲ့ ကျွန်မဘလော့ကို စခဲ့ပါတယ်.. (ကျွန်မဘလော့ layout တစ်ခုလုံး အစမှ အဆုံး သူငယ်ချင်း ငါးလေး လုပ်ပေးတာပါ.. သူ့စိတ်ထဲ တည့်သမျှ ကျွန်မဘလော့ ကိုလျှောက်လုပ်ပါတယ် ..ဘလော့ရောဂါလဲ သူ့ဆီက ကူးလာတာပါ...)

ကျွန်မရဲ့ပထမဆုံးတွေ အကြောင်း ပြီးဆုံးအောင် ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင်

ငါးတစ်ကောင်သို့.........

Published by ခေါင်ခေါင် under on Monday, September 22, 2008
(သူ့ကိုယ်သူတော့ တိုးတိတ်လွန်းတဲ့
ရင်ခုန်သံတွေနဲ့..
သွေးနွေးသတ္တ၀ါတစ်ကောင်တဲ့..)

တစ်ခါတစ်လေမှာ..
နင်ဟာဆွံအ ငြိမ်သက်နေလွန်းလို့
ဈေးထဲက ငါးအသေတစ်ကောင်နဲ့တူတယ်..

တစ်ခါတစ်လေမှာ..
ပိတ်လှောင်မွန်းကျပ်မှုတွေကိုတမင်မေ့ထားပြီး..
ပျှော်ရွှင်ရောင့်ရဲ တတ်ချင်ရောင်ဆောင်နေတတ်လို့
မှန်ပုံးထဲက အလှမွေးငါးတစ်ကောင်နဲ့တူတယ်

တစ်ခါတစ်လေမှာ..
ထိုးနှက်တိုက်ခိုက်မှုတွေ. ခါးသီးနားကျည်းမှုတွေဆီကနေ
ငြိမ်းချမ်းတိတ်ဆိတ်စွာ ထွက်ခွာသွားတတ်လို့
ငါးစာကိုကြိုမြင်တတ်တဲ့ ညာဏ်ရှိတဲ့ငါးတစ်ကောင်နဲ့တူတယ်

ငါးတစ်ကောင်နဲ့တူတဲ့ ငါးရေ..
ရေလှိုင်းတွေကိုလဲမယုံနဲ့..
ပင်လယ်ဆီသွားသွားပြီး.. အပျော်မကြူးနဲ့
ကျောက်ဆောင်တွေကြား နင်လမ်းမှားသွားမှာ
ငါစိုးရိမ်နေမိတယ်..

(ချစ်သူငယ်ချင်းငါးလေး..အတွက်အမှတ်တရ)

...အော်ငိုလိုက်ချင်တယ်........

Published by ခေါင်ခေါင် under on Monday, September 22, 2008
မနက် မနက်တွေ ရောက်တိုင်း
နင့်ကိုပဲ အရင်ဆုံးသတိရမိတဲ့ စိတ်တွေနဲ့
ငါနိုးထနေတုန်းပဲ...
ငါ့စားပွဲပေါ်က နင့်ဓါတ်ပုံကို..နာနာကျည်းကျည်းကြည့်ပြီး
ငါအော်ငိုလိုက်ချင်တယ်.....

အဲဒိနေ့တွေတုန်းက
နင့်စီးတဲ့ ကျောင်းကားကြီးက ငါ့ရှေ့က ဖြတ်သွားတိုင်း
ငါတစ်ကယ်ငုတ်တုတ်မေ့ ခဲ့တဲ့နေ့တွေ
နင့်အခန်းရှေ့မှာ လာရပ်ပြီး အေးခဲနေမိတဲ့နေ့တွေ
နင့်တစ်ယောက်အကြောင်းကလွဲပြီး
ဘာဆိုဘာမှ မသိတော့တာတွေ......
...................................
ငါ..အော်ငိုလိုက်ချင်တယ်..

တစ်နေ့တော့ အရဲစွန့်ပြီး
ငါသိပ်ချစ်တဲ့ အကြောင်း ပြောပြလိုက်တယ်..
ငါအဲဒိနေ့ကို တစ်ကယ်မမေ့ဘူး..
နင့်သူငယ်ချင်းတွေရှေ့မှာ ငါ့ကိုအော်တယ်
လူကြားထဲမှာ ခါးလေးထောက်ပြီး နင်ငါ့ကိုရန်တွေ့တယ်
နောက်ပြီးနင်ပြောခဲ့တယ်..
"ငါတက်တဲ့ ကျောင်းက ကွန်ပျူတာ တက္ကသိုလ်.. နင့်အဆင့်နဲ့တန်လို့လား "တဲ့
ငါရှက်လွန်းလို့ ပြေးထွက်ခဲ့တယ်..
ငါအရမ်းချစ်လွန်းလို့ပါ... ကောင်မလေးရယ်..
အရမ်းရက်စက်တယ်..
ငါ..အော်ငိုလိုက်ချင်တယ်...

.....................
နှစ်ပေါင်းများစွာကြာတာတောင်
နင့်ကိုပဲလွမ်းနေတုန်းပဲ
ကွန်ပျုတာ တက္ကသိုလ်က ကောင်မလေးရယ်
................................
ငါတစ်ကယ်အော်ငိုလိုက်ချင်တယ်.....

(သူငယ်ချင်း ကျော်ဇော ရဲ့သီချင်းလေးအား ခံစားရေးဖွဲ့ပါသည် )

ရင်ကွဲလိပ်ပြာ

Published by ခေါင်ခေါင် under on Saturday, September 20, 2008
ငါ့ရင်ဘတ်ကိုခွဲလို့ လွတ်မြောက်ထွက်ပြေးသွားတဲ့လိပ်ပြာ

ငါ့ခံစားမှုတွေအားလုံး တောင်ပံခတ်လို့သယ်ဆောင်သွားတဲ့လိပ်ပြာ

အဲဒိလိပ်ပြာရဲ့ ပါးလွှာတဲ့ သွေးကြောတွေထဲ ငါ့လွပ်လပ်မှုတွေ ယူဆောင်သွားခဲ့တယ်

သူ့ခြေအစုံက ၀တ်မှုန်တွေထဲ မှာတော့ ငါ့ရင်ဘတ်ထဲ က ထာဝရအမှန်တရား တစ်ခုထည့်ပေးလိုက်ပါတယ်

ငါ့နှလုံးသားကို ထုတ်ယူပျံသန်းသွားပါ

ပင်လယ်ပြင်ကြီးကို ဖြတ်သန်းပြီး ထွက်သွားပါ

မိုးကုတ်စက်ဝိုင်းရဲ့ တစ်ဖက်ဆီကို ပျံသန်းပြီး ရောက်အောင်သွားပါ

ကမ္ဘာမြေအဆုံး.. ပျံသန်းသွားလိုက်ပါ..

ငါကသာ နှစ်ပေါင်းများစွာ ရင်ကွဲလို့ ကျန်နေခဲ့မယ့်လိပ်ပြာ....






လိုအပ်ချက်များ

Published by ခေါင်ခေါင် under on Friday, September 19, 2008
ခြောက်သွေ့နေတဲ့ကန္တာရအတွက်
မိုးရေတွေ လိုအပ်တယ်

နှင်းခဲလွင်ပြင်အတွက်
နေရောင်လိုအပ်တယ်

နှလုံးသား တစ်ခုအသစ်ဖြစ်ဖို့
ခံစားမှုတစ်ချို့လိုအပ်တယ်

ကြေကွဲမှုတွေ မခံချင်လို့
အလွမ်းမဲ့ခန္ဓာလိုအပ်တယ်

အမှောင်ကမ္ဘာထဲက ထွက်နိုင်ဖို့
လမ်းပြအလင်းတန်းလိုအပ်တယ်

မျှော်လင့်နေတဲ့ ဘ၀အတွက်
အာမခံချက်တစ်ချို့ လိုအပ်တယ်

အနာဂတ်နေမ၀င်သွားဖို့
မင်းရဲ့အချစ်တွေ လိုအပ်တယ်

............လိုအပ်တယ်...........
တစ်ခါတစ်လေတော့..
ဘာမှမလိုချင်တဲ့စိတ်ကို လိုအပ်ခဲ့တယ်


12 Ways To Know That You Love Someone

Published by ခေါင်ခေါင် under on Thursday, September 18, 2008
TWELVE:
You talk with him/her late at night and when you go to bed you still think of him/her.

ELEVEN:
You walk really slowly when you are with him/her.

TEN:
You don't feel Ok when he/she is far away.

NINE:
You smile when you hear his/her voice.

EIGHT:
When you look at him/her,you do not see other people around you.You see only him/her.

SIX:
He/She is everything you want to think.

FIVE:
You realise that you smile every time you look at him/her.

FOUR:
You would do anything to see him/her.

THREE:
While you have been reading this, there was a person in your mind all the time.

TWO:
You've been so busy thinking of that person that you didn't notice that number 7 is missing.

ONE:
You are going to check above if that's true and now you are silently laughing to yourself.

ရေရောထားတဲ့ ညနေခင်း

Published by ခေါင်ခေါင် under on Wednesday, September 17, 2008
ညနေခင်းဟာ...
ဒဏ်ရာရထားတဲ့ သတ္တ၀ါတစ်ကောင်လိုပဲ
ငြိမ်သက်စွာလဲလျောင်းနေရင်း.
ညည်းတွားနေလေရဲ့..
လေပြေရူးတွေက
ချွန်မြထက်မြက်တဲ့ လက်သဲတွေနဲ့
ဆည်းဆာရဲ့ နံရံ ကို
တစ်ဂျစ်ဂျစ်ကုတ်ဖဲ့နေတော့တယ်.....

ညနေခင်းလိုပဲ
မျှော်လင့်ချက်က
တစ်စ တစ်စ အိုမင်းသွားတယ်
မှောင်ရီ ဝေဖြိုးလာတဲ့
ညရိုင်းလွင်ပြင် အစပျိုးကာစမှာပဲ
ညနေခင်းဆိုတာဟာ...
တစ်ကယ်ရှိမှန်းမရှိမှန်း
မသိစိတ်နဲ့သိသိလာရတယ်...

တစ်နေကုန် အငွေ့ပျံနေတဲ့
မြေရဲ့ချွေးးတွေ အငွေ့သေကာစ
ညနေခင်းဟာ တစ်ဖန်စိုထိုင်းစ ပြုလာပြန်တယ်

ခံစားလွန် အရောင်ရင့် လိပ်ပြာရဲ့
အသိစိတ်တွေ ဖွေးကနဲ ဖွေးကနဲ ပျံလွင့်ကြွေဝဲ
အိပ်တန်းပြန် ငှက်အုပ်ထဲက
မြင်နေကျ ငှက်ကလေး....
အဝေးအမြင့်ဆီ.. ရုတ်ခနဲ ပျံထွက်ပြေး...

ဆုတောင်းခြင်းဆိုတာ..
မပြည့်စုံသူများနဲ့ အတ္တလွန်ကဲသူတစ်ချို့ ရဲ့
အားထားရာလက်နက်တဲ့ ....
ငါမျက်နှာ လွှဲထားခဲ့ပါတယ်...

ညနေခင်းက ငါ့ကိုပြောတယ်
(စောင့်ဆိုင်းနေခြင်းသာ သင့်ရဲ့တာဝန်ဖြစ်တယ်) တဲ့
မကြာမီ.. နေ၀င်တော့မည်
ညနေခင်းကြယ် တစ်ပွင့်တစ်လေများ ကြွေကျလာမလား
အသေအချာ မပြောတတ်ခင်
တစ်စုံတစ်ခု ကိုမျှော်လင့်မိတာ အသေအချာပဲ...
ဒါပေမယ့်.....
အခုအချန်ထိ.
( အရာရာငြိမ်ချက်သားကောင်းနေဆဲ...)

နေသည်...
ညိုရင့်သွားပြီး...
အလင်းသည်လည်း ပြိုကွဲလာပြီ
အမှောင်နဲ့ အလင်းပေါင်းစပ်ခွင့်ပေးပါ.....

နေ့နှင့်ညသည် ထိစပ်လုပြီ...
ကောင်းကင်နှင့်မြေကြီး..တစ်သားတည်းပေါင်းစည်းမိသည့်နောက်..

ကမ္ဘာသည်..
နာရီ. မိနစ် စက္ကန့်မခြားတစ်ဖြေးဖြေးပြောင်းလဲလျက်
ညနေခင်းသည်လည်း
အေးမြလာရမည့်အစား..
တစ်စ တစ်စ ပူပြင်းလောင်မြိုက်လာသောကြောင့်..
ရေရောထားခဲ့ရပါသည်။







 

Lipsum

Followers