ခေါင်ခေါင်

လမ်း

Published by ခေါင်ခေါင် under on Saturday, November 29, 2008
ကျွန်မတို့တွေ အားလုံးလမ်းတွေလျှောက်ဖူးကြတယ်... ။ စမ်းတစ်ဝါးဝါးပဲဖြစ်ဖြစ် သေသေချာချာ ရွေးပြီးမှ လျှောက်တဲ့လမ်းတွေပဲဖြစ်ဖြစ်ပေါ့။ တွဲခေါ်ပြီးလမ်းပြမယ့်သူ ရှိတဲ့အခါ ကျွန်မတို့လျှောက်လှမ်းသမျှ လမ်းတစ်လျှောက် အစစအရာရာ အဆင်ပြေခြင်းများနဲ့ သွားချင်တဲ့ ရောက်ချင်တဲ့နေရာကို ချောချောမွေ့မွေ့ရောက်ကြမှာပဲနော်။ လမ်းမသိပဲ စမ်းတစ်ဝါးဝါး တစ်ယောက်ထဲသွားနေရတဲ့ သူထက်စာရင်ပေါ့လေ။ ဘာရယ်တော့ မဟုတ်ဘူး..။ ဒီရက်တွေမှာ ကျွန်မလမ်းတွေအကြောင်းပဲ စဉ်းစားမိနေတယ်။

ဒီနေ့တော့ရုံးဆင်းတဲ့ အခါကျွန်မ အိမ်ထိလမ်းလျှောက်ပြန်ဖို့ဆုံးဖြတ်လိုက်တယ်။ တစ်ခါမှလမ်းလျှောက်မပြန်ဖူး.တဲ့အပြင် သွားရမယ့်ခရီးကလဲ သိပ်နီးနီးလေးမဟုတ်။ ဘက်စ်ကားမှတ်တိုင်း ၇ မှတ်တိုင် ၈ မှတ်တိုင်စာလောက်တော့ ရှိမယ်။ ပိုရင်လဲပိုမယ်ထင်တယ်။ ဒါပေမယ့် ကျွန်မလမ်းလျှောက်ပြန်မယ်။ တစ်ခါမှ မလျှောက်ဖူးလို့ စမ်းလဲလျှောက်ကြည့်ချင်တယ်။ မလျှောက်နိုင်တော့တဲ့ အခါကျတော့လည်း တွေတဲ့ဘက်စ်ကား တက်စီးတာပေါ့။

ကျွန်မရုံးဆင်းတဲ့အခါ မိုးတွေက တိတ်ခါစ.ဒါပေမယ့် ဖွဲဖွဲလေး ကျနေတုန်း ။ ပုံမှန်အတိုင်းဆိုရင်တော့ မိုးတွေအုံအုံမှိုင်းမှိုင်း ကိုမြင်တာနဲ့ စိတ်ကပါ အုံမှိုင်းမှိုင်း ဖြစ်သွားမှာ...။ ဒါပေမယ့် ဒီနေ့တော့ လမ်းပဲလျှောက်ချင်နေမိတယ်။ မိုးရေတွေက လမ်းပေါ်မှာ နဲနဲစီတင်ကျန်နေတယ်။ သောကြာနေဆိုတော့Formal လဲဝတ်စရာမလို .. ကျွန်မရဲ့ ပင်ကိုစတိုင် တီရှပ်နဲ့ ဂျင်းနဲ့ ပေါ့ပေါ့ပါးပါး.. ။ လက်ကိုင်အိတ်ကို တစ်ခါမှ ကျွန်မပုခုံးမှာ မလွယ်တတ်..။ လက်ကနေပဲ ဖြစ်သလိုဆွဲရင်း လျှောက်ခဲ့တယ်။

ကျွန်မခြေတစ်လှမ်းလှမ်းလိုက်တိုင်း ကျွန်မခြေထောက်အောက်က ရေတွေက တစ်ဖက်ဖက်ဆီကိုကွဲကွာလွင့်စင်သွားတယ်။ ကျွန်မသဘောကျလို့ ဆတ်ဆတ်ကလေး လျှောက်တယ်။ ကျွန်မလမ်းသွားတဲ့အခါ ဘာကိုမှ သတိမထားတတ်တာ ကျွန်မအကျင့်။ ကိုယ်သွားမယ့်နေရာတစ်ခုကလွဲပြီး ကျန်တာတွေ ဘာမှမသိသလို လိုက်လဲမကြည့်တတ်။ အခုလဲ ကျွန်မလမ်းလျှောက်နေပေမယ့် လမ်းဘေးဝဲယာဘာတစ်ခုမှ မမြင်။ ကျွန်မစိတ်နဲ့ကျွန်မကိုယ် လွင့်ချင်တိုင်းလွင့်နေတာ....။

အခုလဲ.. ကျွန်မလမ်းလျှောက်သွားနေရင်းလွမ်းနေပြန်ပါပြီ။ ကျွန်မရဲ့အိမ်ကိုလွမ်းတယ်။ မေကြီး ကိုလွမ်းတယ်။ လသာလမ်းကိုလွမ်းတယ်။ တောင်ကြီးမြို့ ကိုလွမ်းတယ်။ အင်းထဲက လယ်ရှည်ရွာလေးကိုလွမ်းတယ်။ စတူဒီယိုထဲက နေ့တွေကိုလွမ်းတယ်။ အိုင်စီပွဲ ကြည့်ခဲ့တာတွေကိုလွမ်းတယ်။ ဘောလုံးပွဲကြည့်ခဲ့တာတွေလွမ်းတယ်။ မောင်လေးအငယ်ဆုံးလေးကိုလဲ လွမ်းတယ်။ ဟင်္သာတမြို့လေးကိုလဲ လွမ်းတယ်။ ကျွန်မကိုခွဲခွာသွားတဲ့ ကျွန်မ ရည်းစားကိုလဲလွမ်းတယ်။ ကျွန်မစာသင်ပေးခဲ့တဲ့ ကလေးတွေကိုလဲ လွမ်းတယ်။ ကျောင်းတက်တုန်းက အကြောင်းတွေလွမ်းတယ်။ တို့ဟူးနွေးပူပူလေး ကိုလွမ်းတယ်။ ကျွန်မကို အရမ်းနားလည်တဲ့ သူငယ်ချင်း ၁ ယောက်ကိုလွမ်းတယ်။
လွမ်းတယ်..လွမ်းတယ်.. အလွမ်းတွေ အများကြီးပဲ။

တွေ့လားကျွန်မလမ်းလျှောက်ရင်းနဲ့လွမ်းနေတာ...။ နီးလာပြီ ကျွန်မအခန်းကိုပြန်ရောက်ဖို့ ။ စုစုပေါင်း ကျွန်မလမ်းလျှောက်ချိန် ၁ နာရီ ၁၅ မိနစ် တိတိ။ ခြေထောက်လဲ မညောင်းဘူး၊ မောလဲမမောဘူး။ နောက်နေ့လဲ ကျွန်မလမ်းလျှောက်ပြန်မယ်။ အခုလိုပဲ လွမ်းပြီးတော့ပေါ့။

Ten Things I Hate About Myself

Published by ခေါင်ခေါင် under on Wednesday, November 26, 2008
ချစ်သယ်ရင်း ပိကျိတက်ဂ် ထားလို့........

ဒါတွေကြောင့် ကိုယ့်ကိုယ်ကိုမုန်းတာ

၁။ ဒေါသကြီးတဲ့သူ
၂။အစွဲအလန်းကြီးတဲ့သူ
၃။လောဘကြီးတဲ့သူ
၎။စိတ်ကူးယဉ်လွန်းတဲ့သူ
၅။အမှတ်မရှိတဲ့သူ
၆။တစ်ဇွတ်ထိုး စွတ်လုပ်တဲ့သူ
၇။အီမိုးရှင်းတွေကို ခံနိုင်ရည်မရှိတဲ့သူ
၈။တစ်နေ့ကို ၁၈ နာရီလောက်အိပ်နိုင်တဲ့သူ
၉။အားနာပြီးဂတိတွေပေးတတ်တဲ့သူ
၁၀။ပေါကြောင်ကြောင်နိုင်တဲ့သူ

မကောင်းတာတွေ အများကြီးကျန်သေးတယ်... ပိကျိ က ၁၀ ခုပဲဆိုလို့.....

အလွမ်း

Published by ခေါင်ခေါင် under on Saturday, November 15, 2008
ကဗျာအဟောင်းလေး တစ်ပုဒ်ပဲ ပြန်တင်ပေးလိုက်ပါတယ်။ ဖတ်ပြီးသားသူတွေလဲ အသစ်လိုပဲ ပြန်ခံစားပေးပေါ့နော်။အမြဲလာလည်ပေးနေတဲ့ သူငယ်ချင်း အားလုံးကို ကျေးဇူးကမ္ဘာပါ။ ပျော်ရွှင်ကြပါစေရှင်။

အလွမ်း

စိတ်ထဲမှာ ရေးထားတဲ့ မင်းနာမည်
စိတ်ထဲမှာ မွှေးပျံ့နေတဲ့ မင်းရနံ့
စိတ်ထဲမှာ ပဲ့တင်ထပ်နေတဲ့ မင်းရယ်သံ
စိတ်ထဲမှာ ထပ်တူကျနေတဲ့ မင်းမျက်နှာ
ချစ်လွန်းလို့ .... မင်းကိုငါ မေ့ထားတယ်

ငါမရေးဖြစ်တဲ့ စာသားတွေလို မင်းစကားသံတွေ
ငါမအိပ်ဖြစ်တဲ့ ညတွေလို မင်းမနက်ခင်းတွေ
ငါမနမ်းရှိုက်ဖူးတဲ့ ပန်းပွင့်တွေလို မင်းပါးပြင်တွေ
ငါမသိခဲ့တဲ့ အပြောင်းအလဲတွေလို မင်းလျှိ့ဝှက်ချက်တွေ
ငါလွမ်းဆွတ်လွန်းတဲ့ နူးညံ့မှုတစ်ခုလို မင်းမေတ္တာတရားတွေ
တစ်ချိန်ချိန် ...... ငါမေ့လျောသွားမှာကိုပဲ စိုးရိမ်မိတယ်...

မင်းမျက်နှာလေး မမြင်ရတော့ကတည်းက
ငါ့မျက်လုံးကွယ် သလိုခံစားခဲ့ရတာ
မင်းစကားသံလေး မကြားရတော့ကတည်းက
ငါ့နားကန်းသွားသလိုခံစားခဲ့ရတာ
နောက်ဆုံးမှာ........
အချိန်အခါမဟုတ် ဘယ်ရွာလို့ရွာရမှန်းမသိတဲ့
မိုးတိမ်တွေ.. ပွေ့ပိုက်ထားတဲ့ ကောင်းကင်တစ်ခုပဲ
ငါ့အိမ်မက်ထဲမှာ....... ကျန်ခဲ့တယ်

ပင်လယ်အညှို့ခံ ရတဲ့ညနေ...

Published by ခေါင်ခေါင် under on Saturday, November 01, 2008
နာရီပေါင်းဘယ်လောက်ကြာမှန်း မသိအောင် ကျွန်မ ဒီနေရာမှာ မတ်တပ်ရပ်နေခဲ့တယ်။ လေတွေက အရပ်ရှစ်မျက်နှာကနေ တစ်ရပ်စပ် တိုက်နေခဲ့လို့ ကျွန်မဆံပင်တွေ ကပုံပျက်ပန်းပျက် ဖွာလန်ကျဲနေပြီ။ ဒီနေရာမှာ မိန်းမတစ်ယောက် ကြာမြင့်စွာ ငြိမ်သက်တိတ်ဆိတ်ငေးမော နေခြင်းက ဘယ်သူ့အတွက်မှ အံသြစရာ တော့မကောင်းပါ။ ကျွန်မရှေ့က ပင်လယ်ရဲ့ အနားသတ်လေး မှာ ၀င်လုဆဲဆဲနေရောင်ရဲ့ အ၀ါရောင် တွေဖြာထွက်နေတယ်။ အ၀ါရောင်တွေရဲ့ ညှို့တတ်တဲ့ အလင်းတွေနဲ့ နောက်ခံ ကောင်းကင် ရဲ့ နက်ရှိုင်းသော အပြာရောင်တို့ တစ်ခုနှင့်တစ်ခု ပြင်းအားချင်း ဆန့်ကျင်နေကြတယ်။

ဒီနေရာမှာ မျက်စိတစ်ဆုံး နက်ရှိုင်းကျယ်ပြန့်ကြီးမားတဲ့ ကြောက်စရာ ပင်လယ်ပြင်ကြီးကို မျက်တောင်မခတ်ငေးမောနေနိုင်တယ်။ အဲဒီမျက်လုံးတွေမှာ မျက်ရည်တွေ အိုင်ထွန်းလိမ့်ဆင်း ကျနေရင်တောင် ဘယ်သူမှ ဂရုမစိုက်မိနိုင်ဘူး။ ဒီနေရာက ရှိရှိသမျှ သူတွေအားလုံး ကိုယ့်သီးသန့်ကမ္ဘာထဲမှာ ကိုယ့်စိတ်ကြိုက် နေထိုင်နိုင်ကြတယ်။ ကျွန်မကိုယ်တိုင်လဲ လွမ်းဆွတ်အားငယ်ခြင်း ဆိုတဲ့ သီးသန့်ကမ္ဘာထဲမှာ ဖြတ်တောက်နှောက်ယှက်မယ့်သူမရှိ အကြာကြီး လွတ်လပ်စွာ လွင့်မျောနေခဲ့ပြီးပြီ။

ကျွန်မရဲ့ရှေ့တည့်တည့် ပင်လယ်ပြင်ကြီးရဲ့ ဟိုးအဝေးမိုင်ပေါင်ထောင်ချီတဲ့ နေရာလေး တစ်ခုမှာကျွန်မရဲ့အိမ်ကျန်ခဲ့တယ်။ ကျွန်မကိုနွေးထွေးစွာ ချစ်ခင်ကြင်နာယုယ တတ်တဲ့ မောင်နှမတွေကျန်ခဲ့တယ်။ ကျွန်မမျက်နှာကို အရိပ်တစ်ကြည့်ကြည့် အကဲခတ်ပြီး လိုအပ်သမျှ စိတ်ဓါတ်ခွန်အားတွေ ပေးတတ်တဲ့ ကျွန်မရဲ့ အမေကျန်ခဲ့တယ်။ ကျွန်မကို ကူညီစာနာ နားလည်ပေးပြီး ကျွန်မဘက်က ရပ်တည်ပေးတတ်တဲ့ သူငယ်ချင်းတွေ ကျန်ခဲ့တယ်။ အခု ကျွန်မအနားမှာတော့ ကြောက်စရာ ကောင်းတဲ့ပင်လယ်ပြင်ကြီးနဲ့ သူစိမ်းဆန်တဲ့လူတွေ..... ။

ကျွန်မအိမ်ပြန်ချင်ပြီ။ ကျွန်မလာခဲ့တဲ့ နေရာတစ်ခုကိုအပြီးပြန်သွားချင်ပြီ။ ဒီပင်လယ်ဆီကိုရောက်တိုင်း ကျွန်မအိမ်ပြန်ချင်တယ်။

ပင်လယ်ဟာ အိမ်ပြန်ချင်တဲ့ ကျွန်မကို အစွမ်းကုန် ညှို့ယူနေတယ်။



 

Lipsum

Followers